ⓘ Xie Kunshan

                                     

ⓘ Xie Kunshan

ကျန်းမာသန်စွမ်းတဲ့ ခန္ဓာတစ်ခုနဲ့ ရှင်သန်ခဲ့တဲ့ လူငယ်တစ်ဦး. မတော်တဆထိခိုက်မှုကြောင့် ဘယ်ခြေတစ်ချောင်း၊ ဒူးဆစ်အထိပဲရှိတဲ့ ညာခြေတစ်ဝက်နဲ့ လက်မောင်းအထိ တုံးတိတိပြတ်နေတဲ့ ပုခုံးတစ်စုံသာ ကျန်ခဲ့တယ်။ အမေရဲ့ ကြံ့ကြံ့ခံတဲ့ အကြည့်တွေကြောင့် အသက်ဆက်ရှင်ဖို့ သူသတ္တိတွေ ရခဲ့တယ်။ ကိုယ့်ဆီက ဆုံးရှုံးသွားတဲ့ အရာတွေအတွက် သူမငြီးတွားဘူး။ ကိုယ်ဘာတွေ ပိုင်ဆိုင်သေးလဲ ဆိုတာကိုပဲ သူစဉ်းစားခဲ့တယ်။

အင်္ဂါမစုံတဲ့ ဒုက္ခိတဘဝနဲ့ စုတ်တံကို ပါးစပ်မှာကိုက်ပြီး သူပန်းချီဆွဲသင်ခဲ့တယ်။ ဘဝရဲ့ခွန်အားကို ကင်းဘတ်စပေါ် သူခြယ်မှုန်းတယ်။ တစ်ကြိမ်ပြီးတစ်ကြိမ် သူ့လက်ရာကို သူစိန်ခေါ်ခဲ့တယ်။ မိတ်ဆွေသူငယ်ချင်းတွေကို သူအမြဲပြောတတ်တဲ့ စကားတစ်ခွန်းက" လဲကျခဲ့ရင် ပြန်ထရပ်ပါ။ ဒါဟာခက်ခဲသလို အလွယ်ကူဆုံးလည်းဖြစ်တယ်”

ဒုက္ခိတဘဝ ရောက်ခဲ့ရတဲ့ မတော်တဆအဖြစ်ကို သူမှတ်မိနေသေးတယ်။ စက်ရုံဝန်ထမ်းတစ်ဦးဖြစ်တဲ့ သူဟာ အဲဒီနေ့က ကုန်တင်ကုန်ချလုပ်နေခဲ့တယ်။ အမှတ်တမဲ့ပါပဲ. သူကိုင်ထားတဲ့ သံချောင်းတစ်ချောင်းက ဗို့လ်အားမြင့် လျှပ်စစ်တစ်ခုနဲ့ သွားဆက်မိတယ်။ သံချောင်းကနေတစ်ဆင့် သူ့တစ်ကိုယ်လုံး ဓာတ်လိုက် လောင်ကျွမ်းခဲ့ရတယ်။

လည်ချောင်းတစ်ခုလုံး ခြောက်ကပ်ပြီး ဆာလောင်တဲ့ဒဏ်က သူ့ကို မေ့မြောရာကနေ နှိုးလာစေခဲ့တယ်။ ယောင်ယောင်ယမ်းယမ်းနဲ့ ကုတင်ဘေးက ခုံပေါ်တင်ထားတဲ့ ရေခွက်ကို ယူဖို့ သူလှမ်းယူလိုက်မှ ၁၆နှစ်လုံးလုံး သူနဲ့အတူရှိခဲ့တဲ့ လက်တစ်စုံဟာ ကိုယ်ခန္ဓာကနေ ပျောက်ဆုံးသွားမှန်း သူသိလိုက်ရတယ်။ မတော်တဆ ဓာတ်လိုက်ခံရလို့ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့မှာ ခြေတစ်ချောင်းပဲ ကျန်ခဲ့တယ်။

အသက်တစ်ချောင်းကို ကယ်တင်နိုင်လိုက်ပေမယ့် သူ့မှာ ကျန်ခဲ့တာက လက်မဲ့နေတဲ့ ပုခုံးတစ်စုံရယ်၊ ဒူးဆစ်ကနေ ဖြတ်လိုက်ရတဲ့ ညာခြေတစ်ချောင်းနဲ့ ထော့နဲ့နဲ့ဖြစ်နေတဲ့ ဘယ်ခြေတစ်ချောင်းပဲဖြစ်တယ်။ ညာမျက်စိတစ်လုံးလည်း အမြင်ဝါးခဲ့ရတယ်။ လူတွေရဲ့အကြည့်မှာ သူဟာအရုပ်ဆိုး အကျည်းတန်တဲ့ ကြောက်စရာသတ္တဝါ တစ်ကောင်ဖြစ်ခဲ့ရတယ်။

ဆေးရုံပေါ် မေ့မြောရာကနေ သူနှိုးလာချိန်မှာ ဘေးပတ်ပတ်လည် ဝိုင်းကြည့်နေကြတဲ့ လူတွေကြားမှာ အမေ့ကို သူတွေ့လိုက်တယ်။ အမေ့ပါးပြင်ပေါ်က ခြောက်နေပြီဖြစ်တဲ့ မျက်ရည်စီးကြောင်းနှစ်ကို သူတွေ့ဖြစ်အောင် တွေ့လိုက်တယ်။ အခန်းအပြင်ဖက်က ဆွေမျိုးတစ်ချို့ တီးတိုးပြောနေတဲ့ စကားကို သူကြားလိုက်တယ်။

သေသွားတာမှ ကောင်းမယ်ထင်တယ်။ မိဘတွေကို တာဝန်ပိုစေတာပဲ အဖတ်တင်တယ်”

ခြေမရှိ လက်မရှိနဲ့ ကြောက်စရာကောင်းလိုက်တာ”

သူ့ကို တစ်သက်လုံး ဘယ်သူစောင့်ရှောက်မှာလဲ”

ခန္ဓာကိုယ် အကောင်းပကတိကနေ ခြေတစ်ချောင်းသာကျန်ခဲ့တဲ့ ဒုက္ခိတသူ့ကိုကုဖို့ များပြားတဲ့ ဆေးဖိုးဝါးခကို သူတို့ မတတ်နိုင်ခဲ့ကြဘူး။ ဒီကြားထဲ စက်ရုံပိုင်ရှင်သူဌေးက အလျှော်မပေးဘဲ ထွက်ပြေးသွားခဲ့တယ်။ မတတ်နိုင်တဲ့အဆုံးမှာ ဆွေမျိုးတွေက သူ့ကို စွန့်ပစ်ခဲ့ဖို့ အကြံပေးကြပေမယ့် ကြံ့ကြံ့ခံစိတ်ဓာတ်နဲ့ ဆရာဝန်ကို ပြောနေတဲ့ အမေ့စကားကို သူကြားလိုက်မိတယ်။

ကျွန်မသားကို အတတ်နိုင်ဆုံး ကုပေးပါ။ ကျွန်မသား အသက်ရှင်နေမယ်. ကျွန်မကို" အမေ” လို့ တစ်ခွန်းလောက် ခေါ်နိုင်သေးတယ်ဆိုရင် လုံလောက်ပါပြီ”

ရစ်ဝိုင်းလာတဲ့ မျက်ရည်တွေကို မကျအောင် အမေထိန်းရင်း ဆရာဝန်တွေကို ခယတောင်းပန်ခဲ့တယ်။ သားကို လက်မလျှော့ဘူး၊ သားကို ကာကွယ်မယ်၊ သားကို အတတ်နိုင်ဆုံး ကယ်တင်မယ်ဆိုတဲ့ အကြည့်နဲ့ သူ့ကို အသက်ဆက်ရှင်ဖို့ အမေခွန်အားတွေ ပေးခဲ့တယ်။ ၁၆နှစ်အရွယ် သူ့အတွက် နောက်ထပ်တစ်ကြိမ် ရှင်သန်ဖို့" အသက်” တစ်ချောင်းကို အမေပေးခဲ့ပြန်တယ်။

အရင်တုန်းက သွက်သွက်လက်လက်နဲ့ အလုပ်ကြမ်းတွေ လုပ်ပြီး သန်မာတဲ့ လူတစ်ယောက်ဟာ အခုချိန်မှာတော့ မွေးဖွားစ ကလေးတစ်ယောက်လိုပဲ ထမင်းစား၊ ရေချိုးတာကအစ တာဝန်တွေအားလုံး လွန်ခဲ့တဲ့ ၁၆နှစ်ကလိုပဲ အမေ့ပုခုံးပေါ် ရောက်ခဲ့ရတယ်။ တစ်နေ့ ထမင်းသုံးနပ်ကို တစ်ဇွန်းချင်း သူ့ကို အမေတိုက်ကျွေးခဲ့တယ်။ သူ့ကိုကျွေးပြီးမှ အေးစက်စက် ထမင်းကျန်တွေကို မြိုချနေတဲ့ အမေ့ကို ကြည့်ပြီး သူစိတ်မကောင်းခဲ့ဘူး။

ဒီကြားထဲ ကံမကောင်းစွာနဲ့ အမေ အူအတက်ပေါက်လို့ ဆေးရုံတက်ခဲ့ရတယ်။ ၁၅ရက်ကြာ ရေမချိုးခဲ့ရတဲ့ ဒဏ်နဲ့ တစ်ကိုယ်လုံး ပိုးမွှားကိုက်ပြီး ကိုယ့်လက်နဲ့ မကုတ်နိုင်တဲ့ဒဏ်ကို သူကောင်းကောင်း ခံစားလိုက်ရတယ်။ အဲဒီအချိန်ကျမှ အမေပုခုံးပေါ်က ကြီးလေးတဲ့တာဝန်ကို သူနားလည်လိုက်တယ်။ မျက်ရည်တွေ အမြဲရစ်ဝဲနေတဲ့ အမေ့မျက်လုံးနဲ့ အိမ်ပြင်ခဏထွက်တာတောင် သားကိုစိတ်မချတဲ့ သားဇောနဲ့အမေ. အမေကိုကြည့်ပြီး သူ့ကိုယ်သူ ဂရုစိုက်၊ စောင့်ရှောက်မယ်လို့ သူဆုံးဖြတ်လိုက်တယ်။ အမေ့ကြောင့် ခြေမဲ့လက်မဲ့ ကိုယ့်ဘဝကို ရဲရဲရင်ဆိုင် လက်ခံနိုင်ဖို့ သူကြိုးစားခဲ့တယ်။

ပထမဦးဆုံး ၁၅ စင်တီမီတာလောက်သာ ကျန်ခဲ့တဲ့ ညာဖက်လက်မောင်းမှာ ကိုယ်တိုင်အစာစားရ လွယ်ကူအောင်ဆိုပြီး လက်တုတစ်ခုကို တပ်လိုက်တယ်။ ဒါမှ နောက်ပိုင်းမှာ အမေနဲ့အတူတူ ထမင်းစားခွင့်ကို သူရခဲ့တယ်။

တစ်ဝက်သာကျန်ခဲ့တဲ့ ညာခြေမှာလည်း သံခြေတုတစ်ခု စွပ်လိုက်တယ်။ ပူပြင်းတဲ့ နွေရာသီမှာ သံထည်ကြောင့် ပေါင်တစ်ခုလုံး နီရဲနာကျင်ခဲ့ပေမယ့် သူစိတ်မပျက်ခဲ့ဘူး။ နောက်ထပ်တစ်ကြိမ် ပြန်ထရပ်နိုင်တာကိုပဲ သူဝမ်းသာခဲ့တယ်။

ကိုယ့်ရဲ့နေ့စဉ်ဝေယျာဝစ္စကို ကိုယ်တိုင်လုပ်နိုင်ရင် အမေ အနားယူချိန်ပိုရမယ်လို့ တွေးပြီး အိမ်သာတက်၊ ရေချိုးတာကအစ ကိုယ်တိုင်လုပ်နိုင်အောင် သူကြိုးစားခဲ့တယ်။

လူတွေက သူ့ကို သူရဲ့ဒုက္ခိတခန္ဓာကိုယ်ကို ဘမ်းပြပြီး တောင်းရမ်းစားသောက်ဖို့ အကြံပေးခဲ့ကြတယ်။ အမေ့လုပ်စာကို မှီခိုစားသုံးနေတဲ့သူ့ကို လူတစ်ချို့က" ဆန်ပိုး” လို့ ခေါ်ခဲ့ကြတယ်။ သူ့တစ်သက်မှာ တွန်းလှည်းတောင် မစီးခဲ့ဖူးတဲ့သူက" ငါ့ဘဝဟာ ဒီလိုနဲ့ပဲ ပြီးသွားတော့မလား” လို့ သူ့ကိုသူ မပြတ်မေးခဲ့တယ်။

သူ့အတွက် တာဝန်ပိုကြီးခဲ့တဲ့ အမေရဲ့ပင်ပန်းနွမ်းနယ်တဲ့ ပုံရိပ်ကို သူ့ဦးနှောက်ရဲ့ အနက်ရှိုင်းဆုံးနေရမှာ ထုဆစ်ခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ငါထရပ်နိုင်အောင် ကြိုးစားမယ်။ လူတွေ အထင်သေးတာ မခံရအောင် ငါရပ်နိုင်အောင် ကြိုးစားမယ်။ ငါရဲ့ခြေတွေလက်တွေ ဆုံးရှုံးခဲ့ရလို့ အမေယူကြုံးမရ ဖြစ်ခဲ့တယ်။ အခု ငါ့ရဲ့စိတ်ဓာတ်တွေ ထပ်ဆုံးရှုံးကုန်မယ်ဆိုရင် အမေ့ရင်ကို ပိုပြီး ဒဏ်ရအောင် လုပ်လိုက်တာနဲ့ အတူတူပဲ”

လက်တွေမရှိတော့ပေမယ့် ငါ့မှာ ပါးစပ်ရှိသေးတယ်”

အဲဒီလိုနဲ့ စုပ်တံကို ပါးစပ်မှာကိုက်ပြီး သူ ပန်းချီဆွဲသင်ခဲ့တယ်။ သင်စမှာ တံထွေးတွေ မပြတ်ယိုခဲ့ပြီး စုတ်တံကိုတောင် မြဲအောင် မကိုက်နိုင်ခဲ့ရှာဘူး။ အခုအချိန်မှာတော့ သူဟာ အောင်မြင်တဲ့ ပန်းချီဆရာတစ်ဦး၊ လူငယ်တွေအတွက် ဟောပြောဆရာတစ်ဦး၊ ပျော်ရွှင်စရာ မိသားစုဘဝကို ပိုင်ဆိုင်သူဖြစ်ခဲ့တယ်။

လူဆိုတာ အင်မတန်သေးငယ်တယ်။ ဒါပေမယ့် ပြဿနာအမျိုးမျိုးနဲ့ ကြုံတွေ့ရတယ်။ လူတိုင်းမှာ လုပ်နိုင်တဲ့အရည်အချင်းတွေ ရှိကြပါတယ်။ လုပ်ချင်တဲ့စိတ်နဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိပေါ်မှာပဲ မှုတည်တယ်” လို့ သူက ပြောခဲ့ပါတယ်။

ရှေးဆိုရိုးစကား တစ်ခွန်းက ဒီလိုဆိုပါတယ်။" လက်မောင်းကောင်းတစ်စုံနဲ့ အလုပ်ကောင်းကို လုပ်ပါ။ ခြေထောက်ကောင်းတစ်စုံနဲ့ လမ်းကောင်းကို လျှောက်ပါ” တဲ့။

တစ်ချို့လူတွေက လက်ကောင်းခြေကောင်းတွေ ပိုင်ဆိုင်ထားကြတယ်။ သူတို့ ဘာလုပ်နေကြသလဲ?

ခြေမဲ့လက်မဲ့နဲ့ ဘဝကို သတ္တိရှိရှိ ရင်ဆိုင်ရဲခဲ့သူက ထိုင်ဝမ်ကျွန်း ထိုင်တုံမြို့ ဆင်းရဲသား မိသားစုက ပေါက်ဖွားလာခဲ့တဲ့ ပါးစပ်နဲ့ ပန်းချီဆွဲတဲ့ ပန်းချီဆရာ Xie Kunshan 謝坤山 ပဲဖြစ်ပါတယ်။ အမှောင်ထဲ လဲကျခဲ့ရတဲ့ ကိုယ့်ဘဝကို အမေရဲ့ ကြီးမားတဲ့မေတ္တာအလင်းရောင်နဲ့ ထရပ်နိုင်ခဲ့ပြီး လှပအောင် ဆေးရောင် ခြယ်သနိုင်ခဲ့သူဖြစ်တယ်။