ⓘ ဂျပ်စတင် တင်ဘာလိတ်ခ်

                                     

ⓘ ဂျပ်စတင် တင်ဘာလိတ်ခ်

ဂျပ်စတင် ရန်ဒေါလ် တင်ဘာလိတ်ခ် သည် အမေရိကန် ခေတ်ပေါ် တေးသံရှင်နှင့် သရုပ်ဆောင် တစ်ဦးဖြစ်သည်။ ဂီတလောကတွင် အရေးအကြီးဆုံး ဂရမ်မီဆု ၆ ဆုနှင့် အမေရိကန် ရုပ်မြင်သံကြားလောက၏ အဓိကဆုကြီးဖြစ်သည့် အမ်မီဆု ၂ ဆုကို ရရှိခဲ့ဖူးသူဖြစ်သည်။ Star Search အမည်ရှိ အဆိုအက ယှဉ်ပြိုင်သည့် ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ချိန်မှစ ဂျပ်စတင်ကို လူအများ သိလာကြပြီး ဒစ်စနီ ရုပ်သံလိုင်း မှ ကလေးများအတွက် ထုတ်လွှင့်သည့် The New Mickey Mouse Club အစီအစဉ်တွင် အနုပညာ ကြယ်တစ်ပွင့်အဖြစ် ထွန်းလင်းတောက်ပလာသည်။ ထိုအစီအစဉ်တွင်လည်း N Sync အဖွဲ့ဝင်ဖြစ်လာမည့် JC Chasez နှင့် တွေ့ဆုံခဲ့သည်။ ဂျပ်စတင်သည် ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် N Sync အဖွဲ့၏ ပင်တိုင်အဆိုတော်အဖြစ် အမည်ကျော်ကြားလာသည်။

၂၀၀၂ ခုနှစ်တွင် ဗွေဆော်ဦး တစ်ကိုယ်တော် အယ်လ်ဘမ် Justified ကို ဖြန့်ချိခဲ့ရာ ကမ္ဘာတလွှား ကော်ပီ ၇ သန်းကျော် ရောင်းရသည်။ ယင်းအယ်လ်ဘမ်ထဲမှ Cry Me a River နှင့် Rock Your Body တို့မှာ လူကြိုက်အများဆုံး သီချင်းများဖြစ်သည်။ ၂၀၀၆ နှစ်တွင် ဒုတိယ တစ်ကိုယ်တော် အယ်လ်ဘမ် FutureSex/LoveSounds ကို ထုတ်ခဲ့ကာ ဆက်လက်အောင်မြင်ခဲ့ပြီး အရောင်းရဆုံးစာရင်း Billboard 200 တွင် နံပတ် ၁ အဖြစ် ပထမဆုံး စာရင်းဝင်ခဲ့သည်။ ယင်းအယ်လ်ဘမ်မှ SexyBack ၊ My Love နှင့် What Goes Around./.Comes Around သီချင်းများမှာလည်း ဟစ်သီချင်းများ ဖြစ်ခဲ့သည်။

ဂျပ်စတင်အား တေးသံရှင်အဖြစ်သာမက သရုပ်ဆောင်တစ်ဦးအဖြစ်ပါ လူသိများသည်။ Tennman Records တေးသံသွင်း၊ William Rast တံဆိပ် ဖက်ရှင်နှင့် Destino ၊ Southern Hospitality စားသောက်ဆိုင် စသည့် အခြားလုပ်ငန်းများတွင်လည်း နှံ့စပ်သည်။