ⓘ စကော့ မောရစ်ဆန်

                                     

ⓘ စကော့ မောရစ်ဆန်

စကော့ ဂျွန် မောရစ်ဆန် သည် ဩစတြေးလျနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ ဩစတြေးလျနိုင်ငံ၏ ၃၀ ယောက်မြောက် နှင့် လက်ရှိ ဝန်ကြီးချုပ် နှင့် ဩစတြေးလျနိုင်ငံအား လက်ရှိ အုပ်ချုပ်နေသည့် လစ်ဘရယ်ပါတီ၏ ခေါင်းဆောင် အဖြစ် ၂၀၁၈ ဩဂုတ်လ တွင် ဖြစ်လာခဲ့သည်။ သူသည် ၂၀၁၃ ခုနှစ်ကတည်းက အကြီးတန်း ဝန်ကြီးရာထူးများကို ထမ်းဆောင်ခဲ့ပြီး ယခင် ဝန်ကြီးချုပ် တန်းဘူး၏ အစိုးရ တွင် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မောရစ်ဆန် အား ဆစ်ဒနီမြို့ တွင် မွေးဖွားခဲ့ပြီး နယူးဆောက်သ်ဝေး တက္ကသိုလ်တွင် စီးပွားရေး ပထဝီဝင် ဘာသာရပ်ကို သင်ကြားခဲ့သည်။ သူသည် ၁၉၉၈ မှ ၂၀၀၀ ခုနှစ်အတွင်း နယူးဇီလန် ခရီးသွားလုပ်ငန်းနှင့် အားကစားရုံး၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ မှ ၂၀၀၆ ခုနှစ်တွင် ဩစတြေးလျ ခရီးသွားလုပ်ငန်း၏ မန်နေးဂျင်းဒါရိုက်တာ ဖြစ်ခဲ့သည်။ မောရစ်ဆန် သည် ၂၀၀၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း နယူးဆောက်သ်ဝေးပြည်နယ် လစ်ဘရယ်ပါတီ၏ ပြည်နယ်ဒါရိုက်တာ အဖြစ်လည်း တာဝန်ယူခဲ့သည်။ နောက်ပိုင်းတွင် နယူးဆောက်သ်ဝေးလ်ရှိ ကွတ်ခ်မြို့နယ် ကို ကိုယ်စားပြု၍ ၂၀၀၇ ခုနှစ်ရွေးကောက်ပွဲတွင် အောက်လွှတ်တော် တွင်ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

ထို့နောက် 2013 ရွေးကောက်ပွဲ တွင် ညွန့်ပေါင်းပါတီတို့ အောင်ပွဲခံခဲ့ပြီးနောက် ဩစတြေးလျဝန်ကြီးချုပ် အဘော့၏ အစိုးရတွင် လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်လုံခြုံရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ထိုစဉ်က အချုပ်အခြာအာဏာ နယ်စပ် စစ်ဆင်ရေး ကို အကောင်အထည်ဖော်ရန် တာဝန်ယူခဲ့သူ ဖြစ်သည်။ နောက်တစ်နှစ် အပြောင်းအလဲတွင် သူသည် လူမှုဝန်ထမ်း ဝန်ကြီး ဖြစ်လာသည်။ မဲလ်ကွန် တန်းဘူး အား အဘော့၏ နေရာတွင် ဝန်ကြီးချုပ်အဖြစ် အစားထိုးပြီးနောက်သူသည် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့သည်။

၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ပြည်ထဲရေး ဝန်ကြီး ပီတာဒတ်တွန် သည် တန်းဘူးအား လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်နေရာအတွက် စိမ်ခေါ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ခေါင်းဆောင်များကြားတွင် တင်းမာမှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ပါတီသည် ဩဂုတ်လ ၂၄ ရက်တွင် ဒုတိယအကြိမ် ခေါင်းဆောင်နေရာအတွက် ဆန္ဒမဲ ပေးခဲ့ပြီး တန်းဘူးက ဝင်ရောက် မယှဉ်ပြိုင်ခဲ့ပေ။ ထိုဆန္ဒမဲပေးရာတွင် မောရစ်ဆန်သည် ဒတ်တွန်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘစ်ရှော့ ကို အနိုင်ယူပြီးလစ်ဘရယ်ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထို့နေ့တွင် သူသည် ဘုရင်ခံချုပ် ရှေ့မှောက်တွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ မောရစ်ဆန်သည် ၂၀၁၉ ရွေးကောက်ပွဲတွင် ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ပြီး အနိုင်ရရန် ခက်ခဲသော ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့သည်။