ⓘ ဂျနီဖာတင်လေး

                                     

ⓘ ဂျနီဖာတင်လေး

ဒေါ်ဂျနီဖာတင်လေး သည် မြန်မာ့အားကစားသမားဟောင်းတစ်ဦးဖြစ်ကာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတစ်လျှောက် အအောင်မြင်ဆုံး အားကစားသမားတစ်ဦးဖြစ်သည်။ နိုင်ငံရေးအခြေအနေအရ အားကစားလောကတွင် ပံ့ပိုးမှုနည်းပါးနေချိန်တွင် ရွှေတံဆိပ်ဆုပေါင်းများစွာ ရယူနိုင်ခဲ့သော အားကစားသမားကောင်းတစ်ဦးဖြစ်သည်။ နှစ်၂၀ကျော်အတွင်း နိုင်ငံအတွက် ရွှေတံဆိပ် ၁၇ခု၊ ငွေတံဆိပ် ၃ခုနှင့် ကြေးတံဆိပ် ၁ခုရယူပေးနိုင်ခဲ့သည်။

                                     

1. ငယ်ဘဝနှင့် မိသားစု

ဒေါ်ဂျနီဖာတင်လေးကို ၁၉၄၉ခုနှစ် အောက်တိုဘာ၂၃ရက်နေ့တွင် ပုသိမ်မြို့၌ဖွားမြင်သည်။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကျောက်ရေတွင်းရပ်ကွက်တွင် မွေးဖွားသည်ဟုလည်း ဖော်ပြကြသည်။ ဖခင်ဖြစ်သူ ဦးတင်လေးမှာ မြစ်အတွင်းသင်္ဘောမောင်းသူဖြစ်ကာ မိခင်ဖြစ်သူ ဒေါ်လာဘီမှာ ဂျာမန်သွေးနှောသူဖြစ်သည်။

သူသည် အမျိုးသမီးထဲတွင် အရပ်မြင့်ပြီး ထွားကျိုင်းသန်မာသူ တစ်ဦးဖြစ်သည်။ အင်အားကောင်းမှုတွင် သာမန်ယောက်ျားလေးများ သူ့ကိုမနိုင်နိုင်ကြပါ။ သူ့ကို ယောက်ျားလျာဟု သမုတ်ကြသော်လည်း အမှန်က မိန်းမဆန်သော မိန်းကလေး တစ်ဦးသာဖြစ်သည်။ သူသည် ခင်မင်ဖွယ်ကောင်းပြီး ကစားဖော် ကစားဖက်များကို မိသားစုကဲ့သို့ ဆက်ဆံတတ်သူဖြစ်သည်။ အားကစားသမား အချင်းချင်းလည်း ပြုစုစောင့်ရှောက်တတ်သူ ဖြစ်သည်။ သာဓကအနေဖြင့် ပြေးခုန်ပစ်ပြိုင်ပွဲတစ်ခုတွင် စမ်းစမ်းအေး တန်းကျော်ပြိုင်ပွဲ၌ လဲကျသွားစဉ် ဂျနီဖာက ပြေး၍ပွေ့ပြီး ယူဆောင်သွားခဲ့သည်ကို ပရိသတ်များက လက်ခုပ်တီး၍ ဂုဏ်ပြုခဲ့ကြသည်။

                                     

2.1. အားကစားသမားဘဝ ခြုံငုံသုံးသပ်ချက်

ဒေါ်ဂျနီဖာတင်လေးသည် ၁၉၆၅ခုနှစ်မှ ၁၉၈၅ခုနှစ်အထိ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၁၁ကြိမ်တွင် မြန်မာကိုယ်စားပြုအားကစားသမားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ စတင်ယှဉ်ပြိုင်သည့် ၁၉၆၅ ကွာလာလမ်ပူပွဲတော်တွင် ဆုတံဆိပ်မရခဲ့သော်လည်း နောက်ပိုင်းတွင် ရွှေတံဆိပ်ဆုများ ဆက်တိုက် ဆွတ်ခူးခဲ့သည်။ပြေးခုန်ပစ်အားကစားမှ ရွှေတံဆိပ်၁၅ခု၊ ဘော်လီဘောအားကစားမှ ရွှေတံဆိပ် ၁ခုရရှိခဲ့သည်။

                                     

2.2. အားကစားသမားဘဝ ဘော်လီဘော

ဂျနီဖာတင်လေးသည် ဘော်လီဘောကို စတင်ကစားခဲ့သည်။ ၁၉၆၄-၁၉၆၅ခုနှစ်များတွင် တိုင်းနှင့်ပြည်နယ်ပွဲများတွင် ဧရာဝတီတိုင်းလက်ရွေးစင်အသင်းနှင့်အတူ ကစားခဲ့ပြီး ၁၉၆၅ခုနှစ်တွင် အကောင်းဆုံးရိုက်အား ဆုကို ရရှိခဲ့သည်။ ထို့အပြင် သူ၏အသင်းသည်လည်း တံခွန်စိုက်နှင့်ဒိုင်းရရှိခဲ့သည်။၁၉၆၉ ရန်ကုန်ပွဲတော်တွင် သံလုံးပစ်အားကစားနှင့် ဘော်လီဘောအားကစားနည်း၂ခုတို့တွင် ရွှေတံဆိပ်များ ရရှိခဲ့သည်။

                                     

2.3. အားကစားသမားဘဝ ပြေးခုန်ပစ်

၁၉၆၅ခုနှစ်တွင် ရန်ကုန်သို့ရောက်ရှိပြီး သံလုံးစပစ်ခဲ့သည်။ မှတ်တမ်းများကောင်း၍ လေ့ကျင့်ပေးရန် ခေါ်ထားလိုက်ကြသည်။ ထိုနှစ်တွင်ပင် ၁၉၆၅ ကွာလာလမ်ပူပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုတံဆိပ်မရခဲ့ပေ။ ၁၉၇၃ စင်ကာပူပွဲတော်တွင် သံပြားစပစ်ခဲ့သည်။ ၁၉၆၅ခုနှစ် ရန်ကုန်ရောက်စဉ်က စစ်တမ်းလာလုပ်သောဂျာမန်နည်းပြဆရာများနှင့် ၁၆နှစ်တိုင်အောင် လေ့ကျင့်ခဲ့ရသည်။ ဆရာများက လေ့ကျင့်ခန်းကို ပြင်းထန်စွာလုပ်ခိုင်းခဲ့ပြီး တစ်နေ့လျှင် သံလုံး၁၅၀ခန့် ပစ်ခဲ့ရသည်။၁၉၇၃ခုနှစ်မှ ၁၉၈၃ခုနစ်အထိ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၆ခုတွင် သံလုံးပစ်နှင့် သံပြားပစ်မှ ရွှေတံဆိပ်တစ်ခုစီ ဆက်တိုက်ရရှိခဲ့သည်။ အသက်အရွယ်အရ ၁၉၈၅ဘန်ကောက်ပွဲတော်တွင်မူ ငွေတစ်ခုစီသာ ရယူနိုင်ခဲ့သည်။

                                     

2.4. အားကစားသမားဘဝ ဂေါက်သီးရိုက်

သူသည် ဘော်လီဘောနှင့် ပြေးခုန်ပစ်မှ အနားယူပြီးနောက် ဂေါက်ကစားရာတွင်လည်း အောင်မြင်ခဲ့သည်။

                                     

2.5. အားကစားသမားဘဝ အားကစားစိတ်ဓာတ်

ဒေါ်ဂျနီဖာတင်လေးသည် တိုင်းပြည်က ပေးအပ်သည့် တာဝန်ကို အမြဲလေးစားပြီး ကျေပွန်အောင် ထမ်းဆောင်ခဲ့သူ အားကစားသမားကောင်း တစ်ယောက်ဖြစ်သည်။ အားကစားသမား အချင်းချင်း အနစ်နာခံ ကူညီလေ့ရှိပြီး သည်းခံခွင့်လွှတ်တတ်သူလည်း ဖြစ်သည်။ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနားဆိုသည့်မူအတိုင်း နည်းပြအုပ်ချုပ်သူများနှင့် အားကစားသမားကြီးများကို ရိုသေလေးစားပြီး လူငယ် အားကစားသမားများကို လမ်းကောင်းပြ၍ လက်တွဲခေါ်တတ်သူဖြစ်သည်။သူသည် အနိုင်ရလိုစိတ်ပြင်းထန်သူဖြစ်သည်။ပြည်တွင်းတွင် ထိပ်တန်းသို့ စတင်ရောက်နေသည့် ၁၉၆၅တွင် ကွာလာလမ်ပူပွဲတော်၌ အောင်မြင်မှုမရရှိခဲ့သည့်အတွက် မခံချင်စိတ်ဖြစ်ကာ မဆုတ်မနစ်ကြိုးစားခဲ့၍ နောက်ပိုင်းတွင် ဆက်တိုက်အောင်မြင်မှုရခဲ့သည်။



                                     

3. ကျန်းမာရေး

ဒေါ်ဂျနီဖာတင်လေးသည် ကစားခဲ့သော အရှိန်များကြောင့် ၁၉၈၃ စင်ကာပူပွဲတော်တွင် ဒူး၂ဖက်မှနာလာခဲ့သည်။ ထိုစဉ်မှစ၍ ဒူးဒဏ်ရာကို ကာလရှည်ခံစားခဲ့ရပြီးနောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကုသမှုခံယူထားသည်။